လိမ္မော်သီးစားပေးရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရမလဲ
အရွယ်တိုင်း သဘောကျကြတဲ့ လိမ္မော်သီးက စားကောင်းရုံတင် မဟုတ်ဘဲ ကျန်းမာရေးကို လည်း အကျိုးပြုပါသေးတယ်ဆိုတာ သိပြီးပြီလား? မသိသေးဘူးဆိုရင်တော့ အခုပဲ ဖတ်ကြည့်လိုက်တော့နော်
လိမ္မော်သီး ဆိုရာဝယ်
လိမ္မော်သီးလို့ဆိုလိုက်ရင် အစိမ်းရောင်ကနေ လိမ္မော်ရောင်တောက်တောက် အခွံလေးနဲ့ အတွင်းမှာ လိမ္မော်ရောင် အမွှာလေးတွေပါဝင်နေတဲ့ အသီးလေးကို ထွေထွေထူးထူး ပြောစရာမလိုဘဲ ပြေးမြင်ကြမယ် ထင်ပါတယ်။ အရသာချိုချိုချဉ်ချဉ်လေးနဲ့ အမူးအမောပြေစေဖို့ စားကြတဲ့ လိမ္မော်သီးကို ကလေးကစပြီး လူကြီးတွေအထိ အားလုံးလိုလို ကြိုက်ကြပါတယ်။
သံပုရာမျိုးရင်းဝင် အပင်တစ်မျိုးဖြစ်ပြီး ရှမ်းပြည်မှာ အထွက်များပါတယ်။ အေးတဲ့ဒေသတွေမှာ ပေါက်ရောက်တဲ့ အပင်လေး တစ်မျိုးပါ။
လိမ္မော်သီးမှာ ဒါတွေပါပါတယ်
ခံတွင်းရှင်းစေတဲ့ လိမ္မော်သီးလေးမှာ ကယ်လ်လိုရီ၊ အမျှင်ဓာတ်၊ သကြားဓာတ်၊ ပရိုတင်း၊ ဗီတာမင် အေ၊ ဗီတာမင် စီ၊ ကယ်လ်စီယမ်၊ ပိုတက်ဆီယမ်၊ ကာဗိုဟိုက်ဒရိတ်တို့ ပါဝင်နေပါတယ်။
လိမ္မော်သီးနဲ့ ကျန်းမာရေး
လိမ္မော်သီးစားရင် အခုလို ကောင်းကျိုးလေးတွေ ရရှိစေမှာပါ။
- ကိုယ်ခံအား အားဖြည့်ပေးမယ်
စားလို့ကောင်းတဲ့ လိမ္မော်သီးမှာ ဗီတာမင် စီ၊ ဗီတာမင် ဒီနဲ့ အေတို့ ပါဝင်နေသလို ကာရိုတီးနွိုက်နဲ့ ဖလေဗာနွိုက်တို့ လို့မျိုး ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။ ရောဂါပိုးတွေများတဲ့ ကာလကြီးထဲမှာ ကိုယ်ခံအားကောင်းခြင်းကလည်း အဖိုးဖြတ်လို့မရတဲ့ အရာတစ်ခုပါ။
- နှလုံးကျန်းမာစေမယ်
လိမ္မော်သီးမှာ ပိုတက်ဆီယမ် ကြွယ်ဝတာကြောင့် သွေးတိုးမှုကို ကင်းဝေးစေသလို အမျှင်ဓာတ်ကြွယ်ဝပြီး ကိုလက်စထရော ပါဝင်မှု ကင်းစင်တာက နှလုံးကျန်းမာရေးကို အထိရောက်ဆုံး အားဖြည့်ပေးနိုင်မှာ အသေအချာပါပဲ။
- သွေးတွင်းအဆီ ကျစေမယ်
ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်၊ ဗီတာမင် စီ၊ ဖောလိတ် နဲ့ ပိုတက်ဆီယမ်တို့ ပါဝင်နေတာက သွေးထဲက ကျန်းမာရေး ထိခိုက်စေနိုင်တဲ့ အဆီတွေကို ကျဆင်းစေပြီး ကျန်းမာစေတဲ့ အဆီပမာဏတိုးစေဖို့ လုပ်ဆောင်ပေးပါတယ်။
- အသားအရေ ကြည်လင်ဝင်းပစေမယ်
အခြား အချဉ်ဓာတ်ပါတဲ့ အသီးတွေလိုပဲ လိမ္မော်သီးကလည်း ဗီတာမင် စီ ကြွယ်ဝသလို ဆစ်ထရစ် အက်ဆစ် ပါဝင်မှုများတာကြောင့် ကိုယ်တွင်းမှာ ကော်လာဂျင် ထုတ်လုပ်မှု တိုးစေပြီး အရွယ်မတိုင်ခင် အိုမင်းတာ၊ အသားအရေမွဲခြောက်တာ၊ ဝက်ခြံလိုမျိုး ပြဿနာတွေကို ကင်းဝေးစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
ဆဲလ်သေတွေဖယ်ရှားဖို့လည်း ထောက်ကူပေးပါတယ်။ ကြည်လင်ဝင်းပတဲ့ အသားအရေပိုင်ဆိုင်ချင်သူတိုင်း လိမ္မော်သီး စားပေးပါ။
- အနာကျက် မြန်စေမယ်
ထိခိုက်ဒဏ်ရာတွေ ချုပ်ရိုးတွေ အနာကျက် မြန်ချင်ရင် စားပေးရမယ့် အသီးတွေထဲက တစ်မျိုးက လိမ္မော်သီးပါ။ လိမ္မော်သီးက ဗီတာမင် စီ ကြွယ်ဝသလို ကယ်လ်ဆီယမ်နဲ့ အင်ဒီအောက်ဆီးဒင့်တွေ ပါဝင်နေတာကြောင့် အနာကျက်မြန်စေမှာပါ။
- သွေးတိုးကျစေမယ်
သွေးတိုးတာက ရောဂါအများစုရဲ့ ရှေ့ပြေး လက္ခဏာပါ။ သေချာလေး ဂရုစိုက်ဖို့လိုသလို သွေးတိုးကြောင့် နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်စေဖို့အတွက်လည်း ကာကွယ်ဖို့ လိုပါတယ်။ ဒီတော့ ပိုတက်ဆီယမ် ကြွယ်ဝတဲ့ လိမ္မော်သီးတစ်နေ့ တစ်လုံး စားပေးတာက သွေးတိုးကျစေရေး အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။
- သွေးတွင်းသကြားဓာတ် ကျဆင်းစေမယ်
သွေးတွင်းသကြားဓာတ် များတာက ရေရှည်မှာ သွေးချိုဆီးချို ဖြစ်စေနိုင်ပါတယ်။ ဒါဆိုရင်တော့ သွေးတွင်းသကြားဓာတ် ကျဆင်းစေဖို့ လိမ္မော်သီးကို အားကိုးလို့ ရပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့ လိမ္မော်သီးက ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်သလို သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။
- ဝိတ်ကျစေမယ်
လိမ္မော်သီးက အရသာရှိရှိ ဝိတ်ကျစေမယ့် စားဖွယ်တစ်ခုပါ။ လိမ္မော်သီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာ၊ ဗီတာမင်၊ သတ္တုဓာတ်တွေနဲ့ အင်ဒီအောက်ဆီးဒင့်တွေ ပါဝင်နေတာကလည်း ပိုနေတဲ့ ကိုယ်အလေးချိန်ကို လျှော့ချရမှာ ထိထိရောက်ရောက် အားဖြည့်ပေးနိုင်မှာပါ။
- မျက်လုံး ကျန်းမာစေမယ်
လိမ္မော်သီးမှာ ဗီတာမင် အေ၊ စီ၊ အီး ပါဝင်နေတာကြောင့် မျက်လုံးကို အစိုဓာတ်ထိန်းပေးပြီး မျက်လုံးကို ကျန်းမာစေဖို့ ထောက်ကူပေးမှာပါ။ အတွင်းတိမ် မဖြစ်အောင် ကာကွယ်ပေးဖို့ လိမ္မော်သီး စားပေးပါ။
လိမ္မော်သီးရဲ့ အမျှင်ဓာတ်ကြွယ်ဝမှုက အူလမ်းကြောင်း ကျန်းမာစေဖို့ ထောက်ကူပေးပြီး အစာကြေစေဖို့လည်း လုပ်ဆောင်ပေးမှာပါ။
ချိုချိုချဉ်ချဉ် လိမ္မော်သီးလေး စားရင်း ကျန်းမာလိုက်တော့နော်။
မွန်မွန်